Sunday 9 November 2008

ချစ်မိခဲ့သမျှ....(၄)

၁၀တန်းဖြေအပြီး၊ GTC မတတ်ခင် ဂျပန်စာသင်တန်း တတ်ဖြစ်တယ်။ သင်္ကြန်အပြီး နှစ်ဆန်း၃ရက်နေ့လောက်မှာ စဖွင့်ခဲ့တဲ့ သင်တန်းလေးကို အိပ်ချင်မူးတူးနဲ့ ရောက်လာခဲ့တယ်။ အမှန်က တတ်ချင်လွန်းလှလို.တော့ မဟုတ်ဘူး။ အိမ်ထဲမှာနေရတာ ပျင်းလို. အကြောင်းရှာပြီးတတ်တာ။
မနက်၇း၀၀နာရီမှာ သင်တန်းစတယ်။ ၆း၃၀လောက် အိပ်ရာကထပြီး၊ လမ်းလျောက်လာရတယ်။ သင်တန်းနဲ့ အိမ်နဲ့က ၁၅မိနစ်လောက်လမ်းလျောက်ရင် ရောက်ပြီလေ။ သင်တန်းရောက်တော့ ကိုယ်ကစောနေတယ်၊ ဘယ်သူမှမရောက်သေးဘူး။ အဲဒါနဲ့ ဒုတိယလိုင်းမှာ နေရာယူလိုက်တယ်။ စာအုပ်လေးတွေ ထုတ်ပြီး၊ တစ်ခါမှမမြင်ဖူးတဲ့ ဂျပန်စာကို လျောက်ဖတ်ကြည့်နေတုန်း၊ ကောင်မလေးတစ်ယောက် ဘေးမှလာထိုင်တယ်။ ပြီးတော့ မိတ်ဆက်တယ်။ သူ.နာမည်က ခေတ် တဲ့။ အသက်က ရွယ်တူဘဲ။ သူက ခေတ်ဆန်တယ်၊ သွက်တယ်၊ ချစ်စရာကောင်းတယ်။ ပွင့်လင်းတယ်။ သူနဲ့ စကားပြောနေတုန်း၊ ဆရာက စာစသင်တယ်။ နောက်ကျတဲ့သူတွေကို သူမစောင့်နိုင်တော့ဘူး ထင်ပါတယ်။ စာသင်နေတုန်း၊ ကိုယ့်ဘေးကို အစိမ်းရောင် အရိပ်လေးတစ်ခု ကျလာတယ်။ စာထဲကို အာရုံစိုက်မိတော့ သူ.ကိုလှည့်မကြည့်မိဘူး။ ဘေးက ခေတ် ကလဲ စကားတွေ တောက်လျောက်ပြောနေတယ်။ စိတ်ထဲမှာ ဘေးက အစိမ်းရောင်အရိပ်လေးကို လှည့်ကြည်.ချင်လာတယ်။ ကြည့်လိုက်တော့လဲ ဆံပင်တွေနဲ့ ကွယ်နေတဲ့ မျက်နှာတစ်ခု။ သေချာမမြင်ရဘူး။ အစိမ်းရောင် သွယ်လျလျအရုပ်လေး တစ်ခုနဲ့တူတယ်။ အရပ်ကတော့ အရှည်ကြီးဘဲ။ သေချာကြည့်နေတုန်း ဆရာက စာဆက်သင်တယ်။
သင်တန်းပြီးသွားလို. စာအုပ်တွေသိမ်းနေတုန်း၊ အစိမ်းရောင် အရိပ်လေးထွက်သွားတာ မသိလိုက်ဘူး။ ခေတ် ကလဲ ဖုန်းနံပါတ်မေးတာ ဖြေရသေးတယ်။ အားလုံးပြီးပြီးချင်း အောက်ကို အပြေးဆင်းကြည့်တယ်။ သူ မရှိတော့ဘူး။ ရင်ထဲမှာ ဟာသွားတယ်။
နောက်နေ့မှာ သူ.အတွက် နေရာကို သေချာဦးထားတယ်။ အဲဒီအချိန်မှာ ခေတ် ရောက်လာတယ်။ ခေတ် နဲ့ စကားပြောနေတုန်း သူရောက်လာတယ်။ ဒီနေ့တော့ အနက်ရောင် ကိုယ်ကျပ်အကျီလေးကို ၀တ်ထားတယ်။ မျက်နှာကို သေသေချာချာကြည့်ဖြစ်တယ်၊ မြင်ဖူးသလိုလိုဘဲ။ သူ.ကို ကြည့်နေတုန်း၊ ထုံးစံအတိုင်း အရမ်းသွက်တဲ့ ခေတ်က စမိတ်ဆက်တယ်။ သြော်....မြင်ဖူးတယ်လို.ကြည့်နေတာ သူက မော်ဒယ်မမတစ်ယောက်ဘဲ။ ဒါကြောင့် အရပ်တော်တော်ရှည်တာ။
မနဲ့ စကားပြောရင် ရင်တွေခုန်တယ်။ သူ.ကိုဘဲ တစိမ့်စိမ့်ကြည့်ပြီး၊ စာကို စိတ်မ၀င်စားဘူး။ ကိုယ်က မကိုကြည့်နေချိန်မှာ၊ ခေတ်ရဲ့ ၀မ်းနည်းနေတဲ့ မျက်ဝန်းတွေကို မသိချင်ယောင်ဆောင်နေခဲ့မိတယ်။ ကိုယ်တို့ သုံးယောက် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။
အရာရာကို ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ ခေတ် က ကိုယ့်ကို စပြီး propose လုပ်တယ်။ မ,ကို ချစ်နေရက်နဲ့ ခေတ် ကို လက်ခံမိတယ်။ (အားနာလို.) မ, မသိအောင်ခေတ် နဲ့တွဲတယ်။ အဲလိုနေရင်း မ,ကို propose လုပ်ဖြစ်တယ်။ မ, က စိတ်မ၀င်စားဘူး ပြောတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အငြင်းကိုခံခဲ့ရတာ ပထမဆုံးဘဲ။ စိတ်ထဲမှာ မာနကို နဲနဲထိသွားတယ်။ မခံချင်စိတ်က နိုးထလာတယ်။ မ, ကိုရအောင်လိုက်မယ်လို. ဆုံးဖြတ်ခဲ့တယ်။ အချစ်အစား မာနကရောလာတော့ ကစားပွဲက ကြမ်းသွားတယ်။
ခေတ်ကို ဖြတ်ပြီး၊ မ, အပေါ် လုံးဝစိတ်ကိုနှစ်လိုက်တယ်။ မ, ကြိုက်တတ်တာ၊ သွားနေကျနေရာ၊ ၀ယ်နေကျဆိုင်၊ ရိုက်ကွင်းသွားရင်၊ အကုန်လုံးကို ကြိုသိနေအောင်လုပ်တယ်။ မ, အနားမှာ အရိပ်လိုကပ်တယ်။ မ, အလို၇ှိရာ တောင့်တဖို. ဘေးမှာ အဆင်သင့်ရှိနေမြဲ။ နောက်ဆုံးတော့ မ, အချစ်ကို ပြန်ရတယ်။ စုစုပေါင်း ရက်၄၀ ကြာတယ်။ နောက်၁၀ရက်မှာ ဖြတ်ပစ်ခဲ့တယ်။ ကိုယ်မရှိတော့ မ, မနေတတ်ဘူး။ ကိုယ်လိုချင်တာ အဲဒါဘဲလေ။ မ, ကိုပြန်ပြောခဲ့တယ်၊ ရိုးရိုးလေးပါဘဲ စိတ်မ၀င်စားတော့ဘူးလို. ........
** အမှန်တကယ်တော့ အဲဒီပွဲမှာ ကိုယ်လဲ မ, ကိုမေ့နိုင်ဖို.တော်တော် ကြိုးစားခဲ့ရပါတယ်။ ပြိုင်ပွဲဆိုတာ နိုင်သူရော၊ ရှုံးသူရော ဒဏ်ရာကိုယ်စီနဲ့ပါ။

No comments: